၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် ရဟန်းရှင်လူပြည်သူများက ရွှေစင်အလေးချိန် (၁၉၂) ပိဿာကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် လုပ်ငန်းစဉ်များအနေဖြင့် ငြမ်းစေတီ တည်ဆောက်ခြင်း၊ ရွှေစင်ပြားများ ရောင်တော်ဖွင့်ခြင်း၊ ပျ-က်စီးရွှေပြားများစာရင်း ကောက်ခြင်း၊ အလှူရှင်များ ရထားပျံဖြင့် ရွှေပြားတင်လှူခြင်း၊ ပျ-က်စီးရွှေပြားများ လဲလှယ်ကပ်လှူခြင်း၊ မျက်ပါးရွှေချွတ်/ရွှေချ လုပ်ငန်းဆောင်ရွက်ခြင်း၊ ငြမ်းဖျ-က်သိမ်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီး (၁၁) ပါး ဦးဆောင်၍ ပင့်သံဃာ (၁၀၈)ပါးဖြင့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည် ။
ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်အထိ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့၍ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကို မေလ (၂၄) ရက် ကပြုလုပ်ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ၂၀၁၉ ခုနှစ် မတ်လ (၂ ၁) ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်ထိ ရဟန်းရှင်လူပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ သတ်မှတ်ကာလအတွင်း စေတီတော်မြတ်ကြီးအား (၆) ကျပ်သား(Gold Plate) ရွှေစင်ပြား (၁,၄၀၃) ချပ်၊ (၁) ကျပ်သား (Gold Coating) ရွှေစင်ပြား (၁၀,၇၀၀) ချပ်၊ ရွှေစင်အလေးချိန် (၁၉၂) ပိသာ (၁)ကျပ်သား (၈) ပဲနှင့် မျက်ပါးရွှေဆိုင်း (၁၄,၁၈၁) ဆိုင်းတို့ကို ကပ်လှူ ပူဇော်ခဲ့ကြကြောင်း ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
