ဧရာဝတီ၊ ဩဂုတ် ၁၇
ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရထံမှ သိရသည်။
ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် မြွေများသည် ရေလွတ်ရာကုန်းမြင့်နေရာများ၊ သစ်ပင်များနှင့် လူနေအိမ်များအတွင်း ဝင်ရောက်ပုန်းခိုနိုင်သဖြင့် မြွေကိုက်ခံရမှု ဖြစ်ပွားလာပါက အချိန်မီကုသနိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။
“ရေကြီးချိန်မှာ မြွေတွေဟာ ရေလွတ်တဲ့ ကုန်းမြင့်တွေ၊ သစ်ပင်တွေနဲ့ လူနေအိမ်တွေပေါ်ကို ပုန်းခိုဖို့ တက်လာတတ်ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးသင့်ဒေသတွေမှာ အဓိကလိုအပ်တဲ့ မြွေဆိပ်ဖြေဆေး (Anti-snake venom) တွေကို ဆေးရုံ၊ ဆေးခန်းတွေမှာ အရန်သင့် စုဆောင်းပေးထားပါတယ်” ဟု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးနှင့် အရေးပေါ်ကုသမှုများ အချိန်မီရရှိစေရန် ကျန်းမာရေးဝန်ထမ်းများက ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအနေဖြင့် ညအချိန်သွားလာရာတွင် မီးအလင်းရောင်အသုံးပြုရန်၊ အမှိုက်ပုံ၊ ထင်းပုံနှင့် ရေဝပ်နေသည့် ခြုံနွယ်များအနီး သွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် ဖိနပ်၊ ခြေအိတ်ရှည်များ စနစ်တကျဝတ်ဆင်သွားလာရန်လည်း နှိုးဆော်ထားသည်။
မြွေကိုက်ခံရပါက ကိုယ်တိုင်ဆေးမြီးတိုများဖြင့် ကုသရန်မကြိုးစားဘဲ လှုပ်ရှားမှုကို အနည်းဆုံးထားကာ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူကြရန် အသိပေးထားကြောင်း သိရသည်။