ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် ၊ ည(၈) နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကစ်ဘောက်ဆင်ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက တရုတ်ဖိုက်တာ Shien Nan နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
နော်ဥမ္မာစိုးမှာ ထိုင်းနိုင်ငံရှိ တိုက်ဂါး မွေထိုင်းကလပ်တွင် လေ့ကျင့်နေသူတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ Shien Nan မှာ ထိုင်းနိုင်ငံ Bangtao မွေထိုင်းကလပ်တွင် လေ့ကျင့်ကစားနေသူတစ်ဦးဖြစ်သည်။
ယနေ့ ကစ်ဘောင်ဆင်ပွဲစဉ်မှာ Patong Combat Ring of Fighting အမည်ရှိ ပွဲစဉ်တစ်ခုဖြစ်ပြီး၊ တွဲဆိုင်း (၇)ဆိုင်းအနက် နော်ဥမ္မာစိုးတို့ တွဲဆိုင်းအပါအဝင် အမျိုးသမီးတွဲဆိုင်း (၃)ဆိုင်းအထိ ပါဝင်ထိုးသ-တ်သွားမည်ဖြစ်သည်။
နော်ဥမ္မာစိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ (၉)ရက်၌ ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲတွင် မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးထားသူတစ်ဦးဖြစ်သည်။
ရိုးရာလက်ဝှေ့ဖိုက်တာများအနက် Patong Fight Night မွေထိုင်းချန်ပီယံခါးပတ်လုပွဲစဥ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ စောထူးအောင်က ပထမဦးဆုံး ချန်ပီယံခါးပတ်ကိုင်မြောက်နိုင်ခဲ့သူဖြစ်ခဲ့ပြီး နော်ဥမ္မာစိုးက ဒုတိယချန်ပီယံ ရရှိခဲ့သူဖြစ်သည်။
