ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး အဆောက်အဦအား ရှေးမူမပျက် အကြီးစားပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး အဆောက်အဦအား ရှေးမူမပျက် အကြီးစားပြင်ဆင်ခြင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မေလ ၂၉ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး အဆောက်အဦအား ရှေးမူမပျက် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦ၏ ခံနိုင်ရည်အင်အားကို စစ်ဆေးတွက်ချက်ပြီး ပျက်စီးယိုယွင်းနေသောအစိတ်အပိုင်းများကို ပြုပြင်ရမည့် လုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ရှေးမူမပျက် ပြုပြင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်း ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ၊ (၄) ထပ် (၂) လုံး တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ မြို့ပြ/ ရေသန့် / လျှပ်စစ်လုပ်ငန်းများကို တစ်ပြိုင်တည်းပြီးစီးအောင် ပူးပေါင်းဆောင်ရွက်သွားရန် ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားခဲ့သည်။
