ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မဟာသမယအခါတော်နေ့ ကျင်းပရေးကော်မတီဥက္ကဠ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းကိုဖတ်ကြားလျှောက်ထားကာ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီးချမ်းသာကြီးတန်ဆောင်းတွင်စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်ဟု သိရသည်။
