Home Movies ရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ရရှိပါက ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည်ဟု စည်ပင်ဝန်ကြီးပြော

ရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ရရှိပါက ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည်ဟု စည်ပင်ဝန်ကြီးပြော

0
151

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်၏ လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (ဇွန် ၂၉ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသော်တာ၏ “ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်းများအား မြေကွက်ချထားပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေးဝန်ကြီးက လက်ရှိအစိုးရတာဝန်ယူသည့် အစောပိုင်းကာလအတွင်း မြို့ပြစီမံကိန်းများ ရေးဆွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများ ရေးဆွဲပြီးစီးပါက ပြည်ထောင်စုအဆင့်သို့ တင်ပြ၍ လမ်းညွှန်ချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့်မှ လမ်းညွှန်ချက်များ ရရှိပြီးနောက်မှသာ တိုင်းဒေသကြီးအဆင့်အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

“လက်ရှိမှာ မြို့ပြစီမံကိန်းတွေကို ရေးဆွဲနိုင်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။ အဲဒီအဆင့်တွေ ပြီးမြောက်ပြီးမှသာ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် မြေကွက်ချထားပေးရေးကို စီစဉ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည့် အစီအစဉ် မရှိသေးသော်လည်း မြို့ပြစီမံကိန်းများ ရေးဆွဲအတည်ပြုပြီး လိုအပ်သည့် လမ်းညွှန်ချက်များ ရရှိပါက သက်ဆိုင်ရာအစီအစဉ်များကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here