ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့် ရုရှားတို့ သဘောတူညီခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားသည်။
မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့် မော်စကို၏ အခြားလုပ်ရပ်များနှင့် ပတ်သက်၍ ယခင်အမေရိကန်အစိုးရများက ရုရှားသံတမန်များအပေါ် ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးနေသည်ကို ယခုလုပ်ရပ်က ပြသနေသည်။
ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ပ်က စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ထိပ်တန်းအရာရှိများကို အမိန့်ပေးခဲ့ပြီးနောက် ရီယာ့ဒ် ဆွေးနွေးပွဲသည် ရုရှား၏ ယူကရိန်းစစ်ပွဲ ကို အဆုံးသတ်စေရေး အတွက်ခြေလှမ်းတစ်ရပ်အဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ၏ လုပ်ငန်းစဉ်များကို မြန်မြန်သွက်သွက် ပြန်လည်ဆောင်ရွက်နိုင်ရန် အရာရှိအဖွဲ့များ ခန့်အပ်ရေး ပထမခြေလှမ်းကို နှစ်ဖက် သဘောတူညီခဲ့သည်ဟု မစ္စတာ ရူဘီယိုက ပြောဆိုခဲ့သည်။
နှစ်နိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အပြန်အလှန် လက်တုန့်ပြန်ဆောင်ရွက်မှုများဖြင့် သံတမန်များကို နှင်ထုတ်ခဲ့ကြပြီး ၎င်းတို့အသီးသီး၏ သံရုံးများတွင် ဝန်ထမ်းအသစ်များခန့်အပ်မှုကို ကန့်သတ်ခဲ့ကြသောကြောင့် သက်ဆိုင်ရာ သံရုံးများတွင် ဝန်ထမ်းအင်အား အနည်းငယ်သာရှိသည်။
ယင်းလုပ်ရပ်များကြောင့် မော်စကိုတွင် မိမိတို့၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ကျဆင်းစေသကဲ့သို့ ရုရှားသည်လည်း ဝါရှင်တန်ရှိ ၎င်း၏ သံရုံးလုပ်ငန်းဆောင်တာနှင့်ပတ်သက်၍ အလားတူအခြေအနေမျိုးဖြစ်နေကြောင်း ပြောလိမ့်မည်သာဖြစ်သည်ဟု မစ္စတာ ရူဘီယိုက ဆိုသည်။
သံတမန်လုပ်ငန်းစဉ်များကိုမည်သို့ ပုံမှန်ပြန်လည်ထူထောင်မည်နှင့်ပတ်သက်၍ အသေးစိတ်ကို လူသိရှင်ကြား ညှိနှိုင်းမည်မဟုတ်ဟုလည်း သူက ပြောဆိုခဲ့သည်။
ရုရှားတွင် လက်ရှိ လည်ပတ်နေသော အမေရိက၏ သံဆက်ဆံရေးလုပ်ငန်းဆောင်တာ အသေးစိတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
Ref: သည်စထရတ်တိုင်းမ်စ်
