ယနေ့ ဇူလိုင်(၄)ရက် ညနေပိုင်းအချိန်၌ MNL U-20 Youth League 2024 ဒုတိယနေ့ပွဲစဉ်အတွင်း Junior Lions အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၆အသင်းက ယူ-၂၀ အသင်းတစ်သင်းဖြစ်သည့် သစ္စာအားမာန်အသင်းအား ဂိုးမရှိသရေ ရလဒ်ဖြင့် ကစားနိုင်ခဲ့သည်။
သစ္စာအားမာန်အသင်းနှင့် Junior Lions အသင်းတို့ပွဲတွင် နှစ်သင်းစလုံး ဂိုးရရှိမည့် အခွင့်အရေးများ ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုများကြောင့် ဂိုးမရှိ သရေကျခဲ့ခြင်းလည်းဖြစ်သည်။
သစ္စာအားမာန်အသင်းသည် (၅)ပွဲကစားအပြီးတွင် (၃)ပွဲ သရေ၊ (၂)ပွဲ ရှုံး ရမှတ် (၃)မှတ်ဖြင့် အဆင့် (၁၀) နေရာတွင် ရပ်တည်နေပြီး၊ Junior Lions အသင်းသည် (၃)ပွဲ ကစား (၂)ပွဲ နိုင်၊ (၁)ပွဲ သရေ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသည်။
ယနေ့တွင် MNL U-20 Youth League 2024 ဒုတိယနေ့ပွဲစဉ်များအဖြစ် စလင်းကွင်းအတွင်း ရန်ကုန်ယူနိုက်တက်နှင့် အား/ကာသိပ္ပံ၊ တောင်ဒဂုံကွင်းအတွင်း ရတနာပုံနှင့် မဟာယူနိုက်တက်၊ ပဒုမ္မာကွင်းအတွင်း သစ္စာအားမာန်နှင့် ဂျူနီယာလိုင်းယွန်းအသင်းတို့ အသီးသီးယှဉ် ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်နှင့် အားကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် အားကာသိပ္ပံအသင်းက တစ်ဂိုးသွင်းယူ၍ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ရတနာပုံယူနိုက်တက်နှင့် မဟာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်တွင် တစ်ဖက်(၂)ဂိုးစီသွင်းယူ၍ သရေ ရလဒ်ထွက်ပေါ်ခဲ့ကြသည်။
MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ဇွန်(၁)ရက်မှစတင်၍ Week(1)ပွဲစဉ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။
ပုံစာ- ယနေ့ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့သည့် သစ္စာအားမာန်အသင်းနှင့် Junior Lions အသင်းတို့ပွဲမှ ကစားသမားများ၏ ပုံရိပ်များ




