ယခုလ ဖော်ဖော်ဝါရီ(၂၀)ရက် နောက်ပိုင်း ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေသည်ဟု မွန်ကရင် မိုးလေဝသသတိပေးထုတ်ပြန်ချက်များမရ သိရသည်။
ယင်းသို့ မိုးရွာသွန်းနိုင်ချေ ဖြစ်စဉ်မှာ လာနီညာ ရာသီဉတုနှင့် သက်ဆိုင်မှုရှိပြီး ၂၀၂၄ ခုနှစ် နှစ်ဝက်မှစတင်၍ အယ်နီညို ဖြစ်စဉ်မှ လာနီညာဖြစ်စဥ်သို့ ပြောင်းလဲမှုကြောင့် အာရှတောင်ပိုင်းနှင့်အရှေ့ တောင်အာရှဒေသများတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းဖြစ်သည်ဟု အသိ ပေးထားသည်။
ထို့အပြင် ယခု ၂၀၂၅ ခုနှစ် အတွင်း မုတ်သုံရာသီသည် လာနီညာဖြစ်စဉ်နှင့် ပေါင်း စပ်ကာ ပုံမှန်ထက် ပိုမိုပြင်းထန်သော မိုး ရွာသွန်းမှုများကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ်ဗောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အချိန်ခါမဟုတ် မိုးရွာသွန်းမှုများ စတင်ဖြစ်ပေါ်နိုင်မည်ဟု ဆိုထားသည်။
ထို့ကြောင့် ယခု (၂၀)ရက်နေ့နောက်ပိုင်း တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တနင်္သာရီ တိုင်း ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မိုးရွာသွန်းမှု(၆၅) ရာခိုင်နှုန်း အလားလာရှိနိုင်ပြီး တနင်္သာရီတိုင်း၌(၉၅)ရာခိုင်နှုန်း မိုးကောင်းလာနိုင်ဖွယ်ရှိနေတာကြောင့် တောင်သူစိုက်ပျိုးရေးလုပ်ကိုင်နေကကြသူများ အထူးသတိပြုရန် ကြိုတင်သတိပေးရခြင်းဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
ယနေ့ နံနက်ပိုင်း မိုး/ဇလ၏ အသိပေးချက်တွင်လည်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယနေ့ ညနေပိုင်းအချိန်အထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး၊ ရွာရန် ရာနှုန်း ၆၀ ဖြစ်ကြောင်း အသိပေးထားသည်။
