ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်၊ မေတ္တာ(၂)လမ်းတွင် ယမန်နေ့ ဖေဖော်ဝါရီ (၁၀)ရက်၊ ည (၈)နာရီ (၂၄)မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ သိရသည်။
အဆိုပါ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ နယ်မြေခံ လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး ည (၈)နာရီ (၃၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ပြင်သို့ YRO အဖွဲ့ဝင် အသင်း (၃) သင်းမှ လူနာတင်ယာဉ် (၃) စီး၊ စေတနာ့ ဝန်ထမ်းများ (၁၀) ဦး နယ်မြေခံ အသင်းအဖွဲ့များလည်း ရောက်ရှိပြီး မီးငြှိမ်းသတ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် မီးခိုးမွှန် အသက်ရှူကြပ်လူနာ အမျိုးသား (၃) ဦး၊အမျိုးသမီး (၁) ဦးတို့အား လိုအပ်သည့် မြေပြင်ဆေးကုသမှုများ ပြုလုပ်ပေးပြီး မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၁၀)ရက် တစ်ရက်တည်းအတွင်း ရန်ကုန်မြို့ နေရာ (၆) နေရာအထိ မီးလောင်မှုများ ဖြစ်ပွားခဲ့ရသောကြောင့် မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိးဆော်ထားသည်။
