မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး ပြုံယမ်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသည်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခြင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတို့တွင် ကင်မ်ဂျုံအန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက သတင်းစကားတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာဖွံ့ဖြိုးစေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ တသမတ်တည်းရှိပြီး မပြောင်းလဲသော မူဝါဒဖြစ်ကြောင်းလည်း ရှီက ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သီးခြားပေးပို့သည့် ဂုဏ်ပြုသတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကင်မ်ဂျုံအန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် ပိုမိုတရားမျှတသော ဘက်ပေါင်းစုံကမ္ဘာ့အစီအစဉ် ပေါ်ပေါက်လာရေးအတွက် အထောက်အကူဖြစ်စေမည်ဟုလည်း ပူတင်က ဆိုသည်။
ရှီနှင့် ပူတင်တို့၏ ဂုဏ်ပြုသတင်းစကားများကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ သတင်းစာ Rodong Sinmun မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၇၈ နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဆွီဒင်၊ ဘီလာရုစ်၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ဇင်ဘာဘွေ အပါအဝင် နိုင်ငံအများအပြားမှ ခေါင်းဆောင်များကလည်း ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ကြောင်း KCNA က ဖော်ပြသည်။
Ref: The Straits Times
