စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။
Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE သမ္မတ မိုဟာမက် ဇာယက် အယ်လ် နာယန်သည် တို-က်ခိုက်မှု မဖြစ်ပွားမီ တစ်ပတ်ခွဲအလိုတွင် နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ပြီး ဟားမတ်စ်အဖွဲ့သည် အဓိက စစ်ဆင်ရေးကြီးတစ်ခုကို စီစဉ်နေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
လက်ဝဲယိမ်းသတင်းစာဖြစ်သော Haaretz ၏ ဖော်ပြချက်သည် “လုံးဝ မဟုတ်မမှန်သော မုသား” ဖြစ်ပြီး အဆိုပါအချိန်၌ အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်နှင့် စကားပြောဆိုခဲ့ခြင်း မရှိကြောင်း နေတန်ယာဟု၏ ရုံးအဖွဲ့က ငြင်းဆိုခဲ့သည်။
လာမည့် အောက်တိုဘာလ၂၇ ရက် ရွေးကောက်ပွဲများတွင် နေတန်ယာဟု၏ အဓိက ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာသူ တပ်မှူးဟောင်း ဂါဒီ အိုင်ဆန်ကော့တက်က နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်အား လုံခြုံရေးပျ-က်ကွက်မှုများအတွက် တာဝန်ရှောင်လွှဲနေပြီး တို-က်ခိုက်မှု ဖြစ်ပွားသည့် မနက်ပိုင်းတွင် စောစီးစွာ နှိုးခြင်း မခံခဲ့ရဟု ပြောဆိုခြင်းကဲ့သို့သော သနားစရာကောင်းသည့် ဆင်ခြေများကို အသုံးပြုနေသည်ဟု စွပ်စွဲလိုက်သည်။
“နေတန်ယာဟုဟာ အောက်တိုဘာ ၇ ရက်အတွက် သတိပေးချက် ပေါင်းများစွာကို လက်ခံရရှိခဲ့ပေမဲ့ အားလုံးကို လျစ်လျူရှုခဲ့တာပါ။ သူဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပါဘူး” ဟု အိုင်ဆန်ကော့ က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း နာဖတာလီ ဘန်းနက် က အစ္စရေး သမိုင်းတွင် အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၇ ရက် သေဆုံးမှုများအတွက် နေတန်ယာဟုတွင် “တို-က်ရို-က် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
“နေတန်ယာဟုဟာ နောက်ထပ် တစ်မိနစ်တောင် သူ့ရဲ့ ရာထူးမှာ ဆက်လက် ထမ်းဆောင်လို့ မရတော့ပါဘူး” ဟု ဘန်းနက် က ပြောခဲ့သည်။
နောက်ပိုင်းတွင် အစ္စရေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်းနဝါ က ပါလက်စတိုင်း အရာရှိဟောင်းတစ်ဦးကို လက်နက်ကိုင်များသည် ငလျင်တစ်ခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ စစ်ဆင်ရေးတစ်ခုကို ပြင်ဆင်နေကြောင်း သတိပေးခဲ့သည်ဟု Haaretz က ဖော်ပြခဲ့သည်။
အဆိုပါ ပါလက်စတိုင်း အရာရှိဟောင်းသည် ထိုသတင်းစကားကို အာရပ်စော်ဘွားများပြည်ထောင်စု၏ အကြံပေးထံ လက်ဆင့်ကမ်းခဲ့ပြီး ထိုမှတစ်ဆင့် UAE ခေါင်းဆောင်ထံ ရောက်ရှိကာ နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။
Ref: ခမာတိုင်းမ်စ်
