ထိုင်း-မြန်မာနယ်စပ် ဒုတိယကုန်သွယ်ရေးမြို့တစ်ခုဖြစ်သည့် မြဝတီမြို့တွင် ပြင်ပစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် (၁၅,၀၀၀)အထိ ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိ မြဝတီမြို့၌ စက်သုံးဆီဆိုင်အများစု ပိတ်ထားဆဲဖြစ်ပြီး ကြခတ်တော ဘုန်းကြီးကျောင်းအနီးရှိ PTT ဆီဆိုင်တစ်ဆိုင်သာ ဖွင့်လှစ်ထားသဖြင့် ဒေသခံဆိုင်ကယ်ရာနှင့်ချီ၍ တန်းစီစောင့်ဆိုင်းဝယ်ယူနေကြရကြောင်း ဆိုသည်။
“ပြင်ပပေါက်ဈေးပေါ့။ တစ်သောင်းခွဲ ပေးဝယ်နေရတယ်။ ဆိုင်မှာတန်းဆီဝယ်ပြန်တော့လည်း ငါးထောင်ဖိုးပဲရောင်းပေးတော့ အဆင်မပြေကြဘူး။ အချိန်လည်းကုန်တော့။ ပြင်ပပေါက်ဈေးအတိုင်း ဝယ်သုံးသူတွေလည်း ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။
စက်သုံးဆီဆိုင်တွင် တန်းစီဝယ်ယူနေသူများအနက် သုံးစွဲရန် ဝယ်ယူသူများရှိသကဲ့သို့ အကြိမ်ကြိမ်တန်းစီ၍ ပြင်ပတွင်ပြန်လည်ရောင်းချနေမှုများရှိနေခြင်းကြောင့် မှောင်ခို ဈေးကွက်ပိုမို ကြီးမားလာကြောင်း ဖြည့်စွက်ပြောသည်။
တစ်ဖက်တွင်လည်း မှောင်ခိုဈေးကွက်များပပျောက်ရေးအတွက် ဒေသဆိုင်ရာရဲတပ်ဖွဲ့၊ မီးတပ်တပ်ဖွဲ့နှင့် ဌာနဆိုင် ရာပူးပေါင်းအဖွဲ့တို့က လိုက်လံစစ်ဆေးအရေးယူမှုများ ပြုလုပ်နေကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောကြားသည်။
လက်ရှိ ပြင်ပပေါက်ဈေးနှုန်းများအရ စက်သုံးဆီ (၁)လီတာဗူးတစ်ဗူးလျှင် ကျပ်(၁၅,၀၀၀)၊ (၅)လီတာတစ်ဗူးလျှင် ကျပ် (၇၅,၀၀၀)၊ (၂၀)လီတာ ပုံးတစ်ပုံးလျှင် ကျပ် (၂၇၀၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
