ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းရာသီသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင် ၁ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် ဆောင်းရာသီတွင် စုစုပေါင်း ငွေကျပ် ၁,၀၃၇ သိန်း ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရသည်။
ချေးငွေထုတ်ချေးသည့် ပထမနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာတို့မှ တောင်သူများ၏ စိုက်ဧက ၃၀ အတွက် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယခုဆောင်းရာသီတွင် လယ်သီးထပ်အဖြစ် ဆီထွက်သီးနှံများဖြစ်သည့် ဆီမုန်ညင်းနှင့် ပြောင်းသီးနှံများ စိုက်ပျိုးမည့် မြစ်ကြီးနားမြို့နယ်ရှိ အကျဲ၊ ပမ္မတီး၊ ရှဒေါင်နှင့် တပ်ကုန်းရပ်ကွက်/ကျေးရွာများမှ တောင်သူ ၂၉ ဦး၏ စိုက်ဧက ၂၀၂ ဧကနှင့် ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုနှင့် နောင်ဟီးကျေးရွာများမှ တောင်သူ ၁၁၃ ဦး၏ စိုက်ဧက ၈၃၅ ဧကအတွက် စုစုပေါင်း ငွေကျပ် ၁,၀၃၇ သိန်းကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
