မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံ အယူခံလွှာကို တရားဝင် တင်သွင်းထားကြောင်း ယနေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြလာသည်။
မောင်မောင်လွင်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ရာသီပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိတ်သတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် အဖွဲ့ချုပ်က ပြစ်ဒ-ဏ်ချခဲ့စဉ် လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ၎င်း၏ ဆုံးဖြတ်ချက်မှာ မှာ ယွင်းခဲ့ကြောင်း ပြန်လည်ပြောကြားလာခြင်းဖြစ်ပြီး ခဏတာစိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည့်အပေါ် နားလည်ပေးရန်နှင့် အမိနိုင်ငံအတွက် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ၎င်းက ဆိုသည်။
၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ခဏတာ စိတ်ခံစားချက်နောက် လိုက်မိတာကြောင့် အရင်က ဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါ ချမှတ်ခဲ့မိပေမဲ့၊ မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုရတဲ့ ဂုဏ်ယူမှုမျိုးနဲ့ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်ဘူးဆိုတာကို အခုကျနော်နားလည်သဘော ပေါက်သွားပါပြီ။ ဒီလို ဂုဏ်ယူဝင့်ကြွမှုမျိုးဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး” လို့ ရေးသားမျှဝေထားသည်။
လက်ရှိတွင် ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံသို့ အယူခံလွှာကို တရားဝင်တင်ပြထားပြီး မိမိ၏ အခြေအနေနှင့် ဖြစ်စဉ်အပေါ် အယူခံကော်မတီအနေဖြင့် အကောင်းဆုံး ပြန်လည်သုံးသပ်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံထားသည်။
မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံပရိသတ်များကလည်း ၎င်း၏ ဆုံးဖြတ်ချက်အပေါ် နားလည်ပေးကြရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတစ်ဦးအနေဖြင့် အသင်းတွင် ပြန်လည်မြင်တွေ့လိုကြောင်း မှတ်ချက်များ ပေးလျက်ရှိသည်။
အဆိုပါ အယူခံလွှာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။