မြန်မာနိုင်ငံမှ ယခင်နှစ်များအတွင်း ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်လိုသည့် လုပ်ငန်းရှင်အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ မည်သို့ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များ မည်သည့်အကြောင်းအရင်း၊ အခက်အခဲနှင့် အကန့်အသတ်များကြောင့် ထွက်ခွာခဲ့ရသည်၊ ယင်းအခက်အခဲများကို မည်သို့ ဖြေလျှော့ပေးနိုင်မည်ဆိုသည့် အချက်များကိုလည်း နိုင်ငံတော်သမ္မတက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဒီနေရာမှာ သတင်းကောင်းကြားခဲ့ရတာက ကျွန်မတို့နိုင်ငံကနေ ထွက်ခွာသွားတဲ့ အရင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပြန်လာဖို့ စိတ်ဝင်စားကြောင်း၊ မေးမြန်းနေကြကြောင်း သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ နောက်ထပ်လာချင်တဲ့၊ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင်လည်း နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား Business-to-Business (B2B) MoU စုစုပေါင်း ၇ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transformation)၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့် အစီအစဉ်များကိုလည်း ဖိုရမ်၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
