တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနက ပေကျင်းမြို့တွင် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်မှ ရရှိလာမည့် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါမှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အဓိကထား မေးမြန်းခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် သမ္မတ၏ အမြင်သဘောထားများ၊ တရုတ်နိုင်ငံ၏ “Chinese Modernization” ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် ယင်းအတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မည်သို့အသုံးချနိုင်မည်ဆိုသည့် အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
CCTV သတင်းဌာနက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မီနည်းပညာ အသုံးချမှုများတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများအနက် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နမူနာများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။
အလားတူ AI နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူချင်း ဖလှယ်ရေးကဏ္ဍများအပေါ် အမြင်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် “Chinese Film Week” အစီအစဉ်တွင် ပြသခဲ့သည့် တရုတ်ရုပ်ရှင်များနှင့် ရုပ်ရှင်အနုပညာကဏ္ဍမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ထင်ဟပ်ဖော်ပြသည့် အင်တာဗျူးတစ်ခုဖြစ်ကြောင်း သိရသည်။
