ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေအချို့နှင့် ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ ရေများပြန်လည်ကျဆင်းသွားချိန်တွင်လည်း ရေဝပ်တင်ကျန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လယ်မြေများရေနစ်မြှုပ်နှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအတွက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က စက်တင်ဘာ ၄ ရက်တွင် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပမ္မတီး(ဘုမ္မော)ရပ်ကွက်၊ ပမ္မတီးကွင်းရှိ လယ်(၄၅)ဧကအတွင်း ရေဝပ်တင်ကျန်မှုကြောင့် စိုက်ပျိုးမှုအဆင်ပြေစေရန် ဘုမ္မောချောင်းအတွင်း ရေစီးဝင်သည့်မြောင်းသွယ်များဖောက်လုပ်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး မြောင်းများပိတ်စို့မှုမဖြစ်ပေါ်စေရေးအတွက် အမြန်ဆုံးရှင်းလင်းဖယ်ရှားကာ ရေမြောင်းများကိုစနစ်တကျ ဖောက်လုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီး-ရွှေအိုက် လမ်းဆုံနေရာမှ ပမ္မတီးဈေးသွားလမ်းတစ်လျှောက် နေအိမ်အချို့တွင် ရေဝပ်တင်ကျန်နေမှုနှင့် ယင်း လမ်းတစ်လျှောက်မှ ဘုမ္မောချောင်းနှင့် နန့်ပုတ်ချောင်းဆုံတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ရွှေအိုက်ရပ်ကွက်အတွင်း Polytechnic University သွားလမ်းပေါ်၌ ပမ္မတီးကွင်းရှိ လယ်ကွင်းများမှ ရေများ ရေစီးရေလာကောင်းမွန်းရေး၊ ရေဝပ်တင်ကျန်မှုမဖြစ်ပေါ်စေရေးအတွက် ရေထုထည်အတိုင်း ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
