ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီဘက်သို့ ပြန်လည်ဝင်ရောက်မည့် မည်သည့်ယာဉ်မဆို စက်သုံးဆီအပိုတင်ဆောင်လာမှုများကို ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းမှစတင်၍ ထိုင်းအာဏာပိုင်များက တင်းတင်းကြပ်ကြပ် စစ်ဆေးလျှက်ရှိကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ယမန်နေ့က ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးပေးဝေမှုအား မြန်မာနိုင်ငံနယ်စပ်မြို့နေရာ(၅)နေရာကို ဖြတ်တောက်လိုက်ပြီးနောက် စက်သုံးဆီဝယ်ယူမှုများမြင့်တက်လာပြီး၊ ဈေးနှုန်းများလည်း မြင့်တက်သွားရသည့်အခြေအနေ ပေါ်ပေါက်ခဲ့ရသည်။
“ဒီနေ့တော့မြဝတီမှာ မနေ့ကလိုတော့ စုပုံတိုးကြိတ်ဝယ်တာမျိုးမရှိတော့ဘူး။ ဒါပေမဲ့ အပိုမရောင်းဘူး။ ကားဆံ့သလောက်ဘဲရောင်းပေးတယ်။ အချို့ဆိုင်တွေတော့ပိတ်ထားတာရှိတယ်။ မြဝတီကနေ မဲဆောက်ဘက်အကြောင်းအမျိုးမျိုးနဲ့ သွားတဲ့ကားတွေလည်း ဟိုဘက်မှ ကားဆံ့သလောက်ထည့်လို့ရတယ်။ အပိုတင်ဆောင်လာတာနဲ့ တံတားထိပ် (ထိုင်းဘက်ခြမ်း)မှာ စစ်နေတယ်။ ပေးမထွက်ဘူး။ ဒီအပေါ်ဘယ်လိုအရေးယူလဲဆိုတာတော့ ကျွန်တော်တို့မသိသေးဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။
ထို့အတူ ထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံမှုတွင် ပါဝင်သည့် ဘုရားသုံးဆူ မြို့တွင်လည်း စက်သုံးဆီဝယ်ယူမှုများမြင့်တက်နေပြီး၊ ဈေးနှုန်းများလည်း မြင့်တက်လျှက်ရှိကြော င်း သိရသည်။
လက်ရှိတွင် ဘုရားသုံးဆူမြို့အတွင်း ထိုင်းလျှပ်စစ်မီးပေးဝေမှုဖြတ်တောက်လိုက်ခြင်းကြောင့် လုပ်ငန်းများ ရပ်နားထားရသလို အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများလည်း အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။
“အချို့ ချက်ပြုတ်စားသောက်ဖို့တောင် အဆင်မပြေဖြစ်နေကြတာ။ အဓိက ကျန်းမာရေးလို ဝန်ဆောင်မှုလုပ်ငန်းတွေ အခက်အခဲဖြစ်ကုန်ကြတာပေါ့။ ဆေးစစ်တဲ့ ဝန်ဆောင်မှုတွေ၊ ခွဲစိတ်ကုသရမယ့် ဟာတွေမှာ အခက်အခဲရှိလာမှာပေါ့။ ရေရှည်ဆို မလွယ်ဘူးလေ။ တကယ်တမ်းကျတော့ဒေသခံပြည်သူတွေဘဲ နစ်နာရတာ”ဟု ဆိုသည်။
အလားတူ ထိုင်း-မြန်မာ တာချီလိတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းအချိန်အထိ စက်သုံးဆီတင်ယာဉ်များ ထွက်ခွာခွင့်မပြုသေးဘဲ တာချီလိတ် – မယ်ဆိုင်အကြား ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတား မယ်ဆိုင်ဘက်ရှိ အကောက်ခွန်ဝန်းအတွင်း ရပ်တန့်ထားရကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက် နယ်စပ်ဒေသမြို့များသို့ စက်သုံးဆီ တင်ပို့မှုများကို အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်သည့်အတွက် တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ အခက်အခဲများဖြစ်လာနိုင်ကြောင်း သိရသည်။
“မနေ့က လာအိုမီးချက်ချင်းပြန်ရတော့ တာချီလိတ်မှာက အဆင်ပြေသွားပါတယ်။ လုပ်ငန်းတွေပုံမှန်လည်ပတ်နေပါတယ်။ စက်သုံးဆီက တိုးကြိတ်စုပုံဝယ် ယူတာမျိုး မနေ့ကလိုမရှိတော့ဘူး။ ကံကောင်းတာက တာချီလိတ်က လာအိုမီးကိုပါ အရင်ကတည်းက ချိတ်ဆက်ထားတာဆိုတော့ ထိုင်းဘက်က မီးဖြတ်ပေမယ့် ကြီးကြီးမားမား ရိုက်ခတ်မှုမရှိပါဘူး။ အဓိက က စက်သုံးဆီကိုဘဲ နားစွင့်နေကြတာ”ဟု တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောသည်။
