မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။
ပြီးခဲ့သည့် မေ ၂၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
သသဘာဝဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ်များအတွက်တည်ဆောက်ထားသည့် ဆီသိုလှောင်ကန်များနှင့် ပတ်သက်သည့် Structural Analysis Data များပြုစုပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန်၊ Weigh Scale Calibration ပြုလုပ်ရန်၊ CCTV Records များ စနစ်တကျထားရှိရန် ဆွေးနွေးပြောကြားသည်။
ထို့ပြင် မိုးတွင်းကာလအတွင်း အန္တရာယ်ကင်းစင်စေရေး၊ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းသို့ ရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်၊ ဆီကန်များတိုင်းတာစစ်ဆေးရာတွင် မြေပြင်လက်ကျန်နှင့် စာရင်းလက်ကျန်များကိုက်ညီမှန်ကန်မှုရှိစေရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဦးစီးမှူးက ဆီကန်များလိုက်နာဆောင်ရွက်ရမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
