နေပြည်တော်၊ စက်တင်ဘာ ၈
နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသဖြင့် မိုးကြိုးပ-စ်ခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်း အပါအဝင် မိုးလေဝသဘေးအန္တရာယ်များကို ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် ထုတ်ပြန် သတိပေးထားသည်။
မိုးတိမ်တောင်များ ရွေ့လျားရာ နယ်မြေတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သတိပြုကြရန် အကြံပြုထားသည်။
စက်တင်ဘာ ၉ ရက် နံနက်ပိုင်းအထိ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားသည်။
