ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အထင်ကရဘုရားတစ်ဆူဖြစ်သည့် အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်နေ၍ ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။
အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားကြီးသည် တည်ထားကိုးကွယ်ထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရခြင်းတို့ကြောင့် ကိုယ်လုံးတော်အက်ကွဲပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပြီး ဘုရားပတ်လမ်းများ၊ မြေထိန်းနံရံများမှာလည်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေကြောင်း သိရသည်။
” လတ်တလောမှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ဘုရားကြီးရဲ့ပျက်စီးနေတာတွေကို အမြန်ဆုံးပြန်လည်ပြုပြင်ဖို့လိုအပ်တယ်ဆိုတာ တင်ပြပြီးပါပြီ။ ဝန်ကြီးချုပ်ကလည်း နှုတ်မိန့်နဲ့ပြင်ဆင်ခွင့်ပြုပြီးဖြစ်ပါတယ်။ လိုအပ်တဲ့ ပညာရှင်တွေစေလွှတ်ပြီးတိုင်းတာတွက်ချက်မှုတွေလုပ်မယ်။ အမြန်ဆုံးပြင်ဆင်သွားဖို့လုပ်ဆောင်နေပါတယ်”ဟု အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။
အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားကြီးသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့၊ နန့်ပတဲကျေးရွာအုပ်စုရှိ အင်းတော်ကြီးသဘာဝအိုင်ကြီးတွင်တည်ထားကိုးကွယ်ထားခြင်းဖြစ်ကာ ပြည်တွင်း/ပြည်ပမှဘုရားဖူးဧည့်သည်များလာရောက်ဖူးမြှော်မှုများပြားကြောင်း သိရသည်။
