မြဝတီ၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။
လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများအရ အပြစ်ပေး အရေးယူခဲ့သည့် ၆၄၀ ဦး ရှိသဖြင့် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၀၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒုက္ခရောက်နေသူများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို မိခင်နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
