ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့နယ်မီးသတ်စခန်းနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၁) ရက်၊ ညနေ (၃)နာရီ၊ (၂၃)မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ မြို့သစ်(၁)လမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြရာ ညနေ (၃)နာရီ (၂၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုးမှုတန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ (၃၁) ရက်၊ ညနေ (၅)နာရီ (၇)မိနစ်အချိန်ကလည်း မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် နေအိမ်တိုက်ခန်း တစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးနှင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီ (၁၃)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ (၅)နာရီ (၁၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်မှုများနှင့် ပတ်သက်၍လည်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဖေဖော်ဝါရီလ လဆန်းပိုင်းအတွင်း နေ့အပူချိန်များ ၃၅ °C အထိ မြင့်တက်လာနိုင်ကာ လားရာအစုံမှ လေရူးတိုက်ခတ်ခြင်း တစ်နာရီ ၁၅ မိုင်အထက်ရှိနေနိုင်၍ လေရူးနှင့် မီးဘေးအန္တရာယ် အထူးသတိပြုကြပါရန် လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေးရေးသားထားသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြိုကြီးများ အပါအဝင် မြို့နယ်ဒေသအချို့တို့တွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ လူ့အသက်ဆုံးရှုးမှုများလည်းရှိနေသောကြောင့် မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိုးဆော်ထားသည်။
