စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေ့မြောသူ အမျိုးသမီး ၅ ဦးအား အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညနေ ၅ နာရီခွဲကျော်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System Breakdown ဖြစ်ပေါ်ပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရာ ည ၈ နာရီကျော်မှသာ မြို့နယ်အချို့တွင် မီးပြန်လည်ရရှိခဲ့သည်။
ဓာတ်ပုံ- အနာဂတ်အလင်းတန်း ပရဟိတအသင်း
