မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံသားအချို့သည် ဘုရားပေးသောမြေ နေရာအသစ် အဖြစ် သဘောထားကာ ခရိုင်တွင် လူဦးရေ ၃၀,၀၀၀ ကျော် အခြေချနေထိုင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ချိန်တွင် “ခဏနေပါဦး၊ ဒါမမှန်ဘူးဆိုတာ ကျွန်မတို့ စိစစ်ထားပြိးသားပါ” ဟု ပေတုံတန်က ပြောကြားခဲ့သည်။
“နောက်သီတင်းပတ်မှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပိုင် မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ အလုံးစုံသိရဖို့ အဲဒီဒေသကို သွားပါလိမ့်မယ်” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
အစ္စရေးနိုင်ငံသား အများအပြားသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲမှ ထွက်ပြေးလာကာ ပိုက် ခရိုင်တွင် အခြေချနေထိုင်ပြီး အစ္စရေးအသိုက်အဝန်းများ ကို ထူထောင်ရန် ဦးတည်နေသည်ဆိုသော ဆိုရှယ်မီဒီယာပေါ်မှ သုံးသပ်ချက်များကြောင့် ပိုင် တွင် အစ္စရေးခရီးသွားများနှင့် ပတ်သက်၍ လုပ်ကြံသတင်းများထွက်လာခဲ့သည်။
နိုင်ငံခြားခရီးသွားများ စုဝေးရောက်ရှိနေခြင်းကြောင့် စိတ်မကြည်မလင်ဖြစ်နေသော ဒေသခံများ၏ ကိုယ်စားလှယ်များက ယင်းကိစ္စကို ဖြေရှင်းပေးရန် ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲ နှင့် ပိုင် ခရိုင်ရုံးတို့ကို အသနားခံစာတင်ခဲ့ပြီးနောက် ယင်းသတင်းများ ထွက်လာခြင်းဖြစ်သည်။
တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်းနှင့် ဆူဆူညံညံ ပါတီပွဲများ လုပ်နေကြသည်ဆိုသော နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ အရေးယူပေးရန် ဒေသခံ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။
လူဦးရေ ၃၈,၀၀၀ ခန့်နေထိုင်သော ပိုင် ခရိုင်တွင် အစ္စရေးလူမျိုး ၃၀,၀၀၀ ခန့်နေထိုင်နေသည်ဆိုသော ဆိုရှယ်မီဒီယာပေါ်မှ ပြောဆိုချက်များကို မယ်ဟောင်ဆောင် ခရီးသွားရဲတပ်ဖွဲ့ကလည်း ငြင်းဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
