မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL) တွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည့် ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာသင်တန်းများနှင့် Phonetics and Phonology သင်တန်းများအတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
ဖွင့်လှစ်မည့်သင်တန်းများတွင် Diploma in English (Basic Level)၊ Postgraduate Diploma in English (Basic Level)၊ English Language Proficiency သင်တန်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားဘာသာစကား Basic Level သင်တန်းများအပြင် ကွန်ပျူတာအခြေခံသင်တန်း၊ Advanced Excel သင်တန်း၊ အဆင့်မြင့်ကွန်ပျူတာသင်တန်းနှင့် Phonetics and Phonology (Basic Level) သင်တန်းတို့ ပါဝင်ကြောင်း သိရသည်။
Diploma in English (Basic Level) နှင့် Postgraduate Diploma in English (Basic Level) သင်တန်းများအတွက် လျှောက်လွှာနှင့် ဝင်ခွင့်စာမေးပွဲကြေးများကို ဇွန် ၁ ရက်မှ ၁၁ ရက်အထိ ပေးသွင်းနိုင်ပြီး ဝင်ခွင့်စာမေးပွဲကို ဇွန် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အခြားဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများအတွက် လျှောက်လွှာများကို ဇွန် ၁ ရက်မှ ၂၆ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး သင်တန်းများအားလုံးကို ဇွန် ၂၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းများ၏ ကာလမှာ သုံးလမှ ခြောက်လအထိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ သုံးလသင်တန်းအတွက် ကျပ် ၉၀,၀၀၀ နှင့် ခြောက်လသင်တန်းအတွက် ကျပ် ၁၈၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
သင်တန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ရက်အတွင်း ရုံးချိန်အတွင်း သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
လျှောက်ထားရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ် မိတ္တူကို မူရင်းနှင့်အတူ တင်ပြရမည်ဖြစ်ပြီး ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ (၄) ပုံ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဝင်ခွင့်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖုန်း ၀၉-၃၃၀၃၉၉၇၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။