မကွေး၊ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးအတွင်း ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် မြို့ ၅ မြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် သုံးရက်ဆက်တိုက် နေ့စဉ် ၁၂ နာရီကြာ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ဗို့အားအရည်အသွေး ပိုမိုကောင်းမွန်စေရေးတို့အတွက် အဆိုပါလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းအရ ၁၃၂ ကေဗွီ မကွေး–တောင်တွင်းကြီး ဓာတ်အားလိုင်းရှိ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးများကို ဝန်အားနှစ်ဆကျော် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ်မည်ဖြစ်ပြီး တိုင်အမှတ် (၁၁၄-၁၁၅)၊ (၁၁၈-၁၁၉) နှင့် (၁၆၅-၁၆၆) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၆၆ ကေဗွီ တောင်တွင်းကြီး–သစ်ရာကောက် ဓာတ်အားလိုင်းနှင့် တောင်တွင်းကြီး–မြို့သစ် ဓာတ်အားလိုင်းတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ယာယီဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့၊ သစ်ရာကောက်မြို့၊ မြို့သစ်မြို့နှင့် နတ်မောက်မြို့ တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ဓာတ်အားသုံးစွဲသူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြို့သစ်မြို့တွင် ဓာတ်အားလိုင်းထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်စဉ်(ဓာတ်ပုံ-MOI)
