မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။
ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညနေပိုင်းတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိသော ကဆုန်ညောင်ရေသွန်းပွဲကိုလည်း စေတီတော် ရင်ပြင်တော်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဂေါပကအဖွဲ့ကလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ယင်းပွဲတော်တွင် ပါဝင်ကုသိုလ်ယူကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
