ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံမှူးကြီးဦးမိုးကျော်သူတက်ရောက်
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Victory Square ၌ (၈၁) ကြိမ်မြောက် စစ်အောင်ပွဲနေ့ (81st Anniversary of Victory Day) အထိမ်းအမှတ်အခမ်းအနားကို မေ ၉ ရက်ကကျင်းပရာ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံမှူးကြီးဦးမိုးကျော်သူတက်ရောက်ခဲ့သည်။
အခမ်းအနားကို ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Lukashenko တက်ရောက်၍ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဘယ်လာရုစ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသူများက ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်များကိုဂုဏ်ပြုအလေးပြုခဲ့ကြသည်။
Victory Day သည် ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၅ ခုနှစ်၊ မေ ၉ ရက်) ၌ ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်ကာ ဥရောပစစ်မြေပြင်တွင် နာဇီဂျာမနီတို့လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့သည့် အချိန်ကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဘယ်လာရုစ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး နာဇီကျူးကျော်မှုကို အပြင်းထန်ဆုံးခုခံတို-က်ပွဲဝင်ခဲ့သည့် နိုင်ငံတစ်ခုလည်းဖြစ်ကာ စစ်ပွဲအတွင်း ဘယ်လာရုစ်ပြည်သူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသဖြင့် ယင်းနေ့သည် ၎င်းတို့နိုင်ငံအတွက် အလွန်အရေးကြီးပြီး ဝမ်းနည်းခြင်းနှင့် ဂုဏ်ယူခြင်းတို့ရော ပြွမ်းနေသည့် အမျိုးသားအဆင့်အထိမ်းအမှတ်နေ့ဖြစ်သည်။
အခမ်းအနားကို ငြိမ်းချမ်းရေးတန်ဖိုးကိုသိရှိစေရန်နှင့် မိခင်နိုင်ငံတော်ကိုကာကွယ်ရင်း အသက်ပေးလှူသွားကြသည့် ဘိုးဘွားရဲဘော်များ၏ ကျေးဇူးတရားကို နောင်လာနောက်သားများ မေ့ပျောက်မသွားစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။
ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံအနေဖြင့် ဘယ်လာရုစ်နိုင်ငံ၏ အရေးအကြီးဆုံးအမျိုးသားနေ့ အခမ်းအနားတက်ရောက်ခြင်းသည် နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရုံသာမက သမိုင်းကြောင်းဆိုင်ရာတန်ဖိုးထားမှုများကို အပြန်အလှန် လေးစားရာလည်းရောက်ရှိသည်။
