တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်တွင်လည်း ပြန်လည်ဝင်ရောက်လာသော ဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကျင်မွာလ်ရပ်ကွက်ရှိ လွတ်လပ်ရေးစေတီ၌ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်က နေ ရပ်ပြန်ဒေသခံ(၁၁၁)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူ များ၊ ဝန်ထမ်းများကအချက်အလက်ကောက်ယူမှုကိုကြည့်ရှုအားပေးပြီး ဒေသခံများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ စစ်ဘေးရှောင်များအဖြစ်တိမ်း ရှောင်နေရသော ဖလမ်းမြို့ပေါ်လူဦးရေ၏ (၂၁ ဒသမ ၆၄)ရာခိုင်နှုန်းပြန်လည်နေထိုင်နေပြီဖြစ်ကာ ဖလမ်းမြို့တွင် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိပြီး အခြေခံအဆောက်အအုံပြုပြင်ခြင်း၊ နေရပ်ပြန်များအား ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
