ဖလမ်း၊ ဇူလိုင်-၁၈
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး ကော် မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များပါဝင်သည့် စုပေါင်းအင်အား (၃၅၂)ဦးဖြင့် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဒေါက်တာနီခွဲလမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ရေမြောင်းများ၊ ခရိုင်၊ မြို့နယ်ရုံး ပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံ၊ သူနာပြုသင်တန်းကျေားင်း ပတ်ဝန်းကျင်တို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက် အဦများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် ကုတင် (၂၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံဝန်းအတွင်း လူအား၊ စက်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အဆောက် အဦ အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့တွင် ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း (၈၄)ဦးဖြင့် ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း (၁၅၅၄)ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ မြို့ပေါ်ရှိ ဒေသခံများသာမက ကျေးရွာများမှ ဒေသခံပြည်သူများပါ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိသည်။
