ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လိုင်ချောင်ပြည်နယ်ရှိ တောင်ပေါ်ရွာတစ်ရွာတွင် ရေကြီးရေလျှံခဲ့၍ လူလေးဦးထက်မနည်း ေ-သဆုံးပြီး လေးဦးပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် သောကြာနေ့အစောပိုင်းတွင် မွမ်သန်ရွာ၌ ရေကြီးရေလျှံခဲ့ပြီး လူ ခုနစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် မိုးရာသီအတွင်း အဓိကအားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအထိကာလတွင် အသက်ဆုံးရှုံးမှုများသော မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများနှင့် တွေ့ ကြုံရလေ့ရှိသည်။ အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ပြီးခဲ့သည့်နှစ်က နိုင်ငံတွင် ရေကြီးရေလျှံမှု အများစုပါဝင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၄၈၉ ဦး ေ-သဆုံးခဲ့ရသည်။
ဗုဒ္ဓဟူးနေ့မှစတင်ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှု၊ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လမ်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် နေအိမ်ရာပေါင်းများစွာ ပျက်စီးခဲ့သည့်အပြင် ဒေသတွင်းရှိ သီးနှံစိုက်ခင်း ၂၃၈ ဟက်တာခန့် ရေနစ်မြုပ်ခဲ့ကြောင်း အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။
ဗီယက်နမ်မြောက်ပိုင်း ဒေသအတော်များများတွင် စနေနေ့၌ မိုးရေချိန် ၂၅၀ မီလီမီတာအထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
Ref: သယ်ဟင်ဒူ
