ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်ကာ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများက အခမဲ့ကုသပေးခဲ့ကြခြင်း ဖြစ်သည်။
ခွဲစိတ်ကုသမှုတွင် မွေးရာပါနှုတ်ခမ်းကွဲ လူနာ(၁၅)ဦးနှင့် အာခေါင်ကွဲ လူနာ(၁၁)ဦး စုစုပေါင်း (၂၆)ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၂၁ ရက်တွင် ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကုသမှုခံယူနေသည့် လူနာများအား အာဟာရမုန့်များ၊ ကြက်ဥများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
