ကုလားပဲဈေး အနည်းငယ်ကျဆင်း
ပြည်ပပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။
ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့မှာ ဇွန် ၂၀ ရက်တွင် အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ်တစ်သောင်းခန့် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ဇွန် ၂၀ ရက် ပေါက်ဈေးများအရ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၅,၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၀,၀၀၀ နှင့် ပဲတီစိမ်း(အညာ) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၆၀,၀၀၀ ရှိကြောင်း သိရသည်။
ပြည်တွင်းသုံးကုလားပဲအုပ်စုတွင် V2 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၁၅,၀၀၀၊ V7 ကုလားပဲ ၂၁၉,၀၀၀ ကျပ်၊ ထိုင်ဝမ်ကုလားပဲ ၂၁၀,၀၀၀ ကျပ်နှင့် 929 ကုလားပဲ ၂၁၈,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းသုံးပဲမာလိုင်းများတွင် ပဲကြီးတစ်အိတ်လျှင် ကျပ် ၆၁၀,၀၀၀၊ ပဲကြား ၄၂၀,၀၀၀ ကျပ်၊ ပဲနီပြား(ကျွန်း) ၅၂၀,၀၀၀ ကျပ်၊ ပဲဇီးကွက် ၃၅၀,၀၀၀ ကျပ်၊ စွန်တာပြာ ၂၈၅,၀၀၀ ကျပ်၊ မြေထောက်ပဲ ၃၂၅,၀၀၀ ကျပ်နှင့် ကျွန်းစားတော်ပဲ(အသေး) ၆၂၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
နှမ်းဈေးကွက်တွင်လည်း နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၆၀၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၃၅၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဗမာ) ၃၅၅,၀၀၀ ကျပ်နှင့် နှမ်းညို ၃၄၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အလားတူ မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၁,၅၀၀ နှင့် မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
