စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံ ဓါတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁)ရေနံ ဓါတ်ငွေ့ရည်စက်ရုံ(မင်းဘူး)ကို ၂၀၂၃ ခုနှစ်က စက်ချွတ်ယွင်း၍ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ စက်ရုံကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြင်ဆင်ဆောင်ရွက်မှုပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံမှ ထုတ်လုပ်သည့် ဓါတ်ဆီ(RON 77 )ကို လည်း တစ်လီတာကျပ် (၂,၂၄၅)ကျပ်နှုန်းဖြင့် နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင် အမှတ်(၀၃၅၄)တွင် ယနေ့ အောက်တိုဘာ(၁)ရက်မှ စတင်ကာ အများပြည်သူသို့ လွတ်လပ်စွာရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
စက်သုံးဆီဈေးနှုန်း မြင့်မားမှုကို တစ်ဘက်တစ်လမ်းမှ လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ရေနံဓါတုဗေဒစက် ရုံ (သံပရာကန်) မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓါတ်ဆီ (RON 68) ကိုလည်း ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ တစ်လီတာ ငွေကျပ်(၂,၂၀၀)နှုန်းဖြင့် မြန်မာရေနံဓါတုဗေဒလက်အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်း ချပေးနေကြောင်းလည်း သိရသည်။
ထို့ကြောင့် နေပြည်တော် စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၃၅၄) တွင် ပြည်တွင်းထုတ်ဓါတ်ဆီများကို ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ပြီးဖြစ်ကြောင်းလည်း သိရသည်။
