ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁.၅ ဘီလီယံခန့်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
ပဲမျိုးစုံတန်ချိန် ၁.၈၃ သန်းတင်ပို့ရန် လျာထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေဒေါ်လာ ၁.၅ ဘီလီယံခန့်ရရှိရန် ရည်မှန်းထားသည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်ထံ အဓိကတင်ပို့လျက်ရှိပြီး တရုတ်နှင့်ဥရောပဈေးကွက်၏ ဝယ်လိုအားလည်း ရှိသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၂ ဘီလီယံ တန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် ၂.၁၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃ ရာခိုင်နှုန်း) စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ (၂၀ ရာခိုင်နှုန်း) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ ရာခိုင်နှုန်း) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
