နေပြည်တော်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ အမှုဖွင့်အရေးယူခံထားရသည့် အမေရိကန်နိုင်ငံသား Adam Michael Castillo အား ယနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Adam Michael Castillo သည် The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း) ၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်တွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ အမှုဖွင့်အရေးယူထားသော်လည်း မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ Adam Michael Castillo အား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
