နေပြည်တော်၊ဇူလိုင်-၁၉
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
ယမန်နေ့က ယင်းကဲ့သို့ပြင်ဆင်ဆောက်လုပ်မှုအခြေအနေများကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ရုံးသို့ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌက “ ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးအတွက် Shear Walls များ ထည့်သွင်းဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်စေရေး၊ မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းများအပိုင်းလိုက်ပြီးစီးရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပရိဘောဂများ ကြိုတင်ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် “ လည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ အစိုးရရုံးအဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း သိရသည်။
