နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ ပျိုးပင် ၃,၀၀၀ စိုက်ပျိုး
၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာသူများက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးစေရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ကို စိုက်ပျိုးခဲ့ကြသည်။
စိုက်ပျိုးခဲ့သည့် ပျိုးပင်များတွင် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ပိတောက်၊ ယင်းမာ၊ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ မဟော်ဂနီ၊ စည်သပြေ၊ ရေတမာနှင့် ယမနေတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန် ၂၃ ရက်ကလည်း နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သစ်ပင်စိုက်ပျိုးပွဲ (၇၅) ပွဲကို တစ်ရက်တည်း၊ တစ်ချိန်တည်း ကျင်းပကာ ပျိုးပင်စုစုပေါင်း (၅၄,၈၁၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများအတွင်း သစ်တောနှင့် သစ်ပင်များကို ချစ်မြတ်နိုးထိန်းသိမ်းလိုသည့် အသိစိတ်ဓာတ် ပိုမိုမြင့်မားလာစေရေး ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
