နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက် (၈) နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပြီး ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ် သည်။
ထို့ပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အ ကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-အိန္ဒိ ယနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ဘာ သာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကဏ္ဍများအ ပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံ့အကျိုးအတွက်ဆွေးနွေးသွားမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံခရီးစဥ်သည် လက်ရှိရွေးကောက်ခံအစိုးရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်လက်ထက် သမ္မတကြီး၏ ပထမဆုံးသောပြည်ပခရီးစဉ်ဖြစ်ကာ မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ခေတ်အဆက်ဆက် ဆက် ဆံရေးကောင်းမွန်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ် သည်။ နှစ်နိုင်ငံကြား ဘာသာရေးအရ၊ယဉ်ကျေးမှုအရ၊ ကုန်သွယ်မှုအရ ရှေးပဝေသဏီကပင် ဆက်နွယ်မှုရှိခဲ့သည်။
နှစ်နိုင်ငံကြား တရားဝင်သံတမန်ဆက်ဆံရေးကို မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှစတင်ခဲ့ရာ ယခုအခါ စိန်ရတုကာလလွန်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကာလများအတွင်း နှစ်နိုင်ငံလုံး၏ နိုင်ငံ့ခေါင်းဆောင်ကြီးများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်များသွားရောက်ခဲ့ကြကာ အိန္ဒိယနိုင်ငံ၏ထင်ရှားသည့် အိန္ဒိယစာဆိုတော် ရာဘင်ဒြာနတ် တဂိုးသည် ၁၉၁၆ ခုနှစ်နှင့် ၁၉၂၄ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပထမဆုံးလာရောက်လည်ပတ်ခဲ့သည်။
မဟတ္တမဂန္ဒီ သည်လည်း ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့(၃)ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် (၁၁)ကြိမ်သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံသမ္မတ အင်ဒီရာဂန္ဒီသည် ၁၉၆၈ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်များနှင့် အိန္ဒိယနိုင်ငံသမ္မတ တို့ သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်များလာရောက်ခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံခေါင်းဆောင်များသည်လည်း အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်များသွားရောက်ခဲ့ကြ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ခေတ်အဆက်ဆက် နွေးထွေးကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ် နိုင်ငံဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းမှုကို လို လားသည့် နိုင်ငံများဖြစ်၍ ၁၉၅၁ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် (Treaty of Peace and Friendship)”ကိုချုပ်ဆိုခဲ့ကြပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားဖြစ်ပွားခဲ့သည့် ကတ်ရှ်မီးယားပဋိပက္ခကို မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနု၏ ကြိုးပမ်းညှိ နှိုင်းမှုဖြင့်ဖြေရှင်းနိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ကျင်းပခဲ့သည့် ဘန်ဒေါင်း ညီလာခံတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် “ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်(Five Principles of Peaceful Coexistence)” ချ မှတ်ရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သည်။
သမ္မတကြီးအနေဖြင့် ယခုခရီးစဉ်တွင် နှစ်နိုင်ငံကုန် သွယ်ရေးကဏ္ဍများ၊ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာများနှင့် နည်းပညာကဏ္ဍများဆွေးနွေးယူဆောင်ခဲ့လိမ့်မည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းစဉ်ဆက်နွေးထွေးကောင်းမွန်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်၍ ယခု ခရီးစဉ်အတွင်း ဆွေးနွေးမှုများ သည်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိလိမ့်မည်ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအတွက်အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်မည်ဖြစ် သည်။
