ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ဇွန် ၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုပါကိစ္စကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့ထားမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်းနိုင်ငံများနည်း တူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက် ကုန်၊ ကုန်စည်ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးထိန်းညှိဆောင်ရွက်ပေးစေလိုပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်၊ ယန္တရားများနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် အများဆုံးအသုံးပြုသည့် ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ် ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုနိုင်ရေးဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူရန် တင်ပြရခြင်းဖြစ်သည်ဟု အဆိုတင်သွင်းသည်။
ထို့ပြင် ဒီဇယ်ဆီသည် နိုင်ငံတော်အတွင်းကုန်စည်သယ် ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်၍ ဒီဇယ်ဆီ HSD(500 ppm)အပေါ် အခွန်ကင်း လွတ်ခွင့်ပြုခြင်းဖြင့် ပြည်သူလူထုအတွက် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများတည်ငြိမ်မှုရှိစေသည့် အကျိုးကျေးဇူးများရရှိစေမည်ဟု အဆိုတင်သွင်းသည်။
ထို့အတူ တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် ဒီ ဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့် လျော့နည်းသွားမည့် အခွန်ငွေများပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့် အခွန်များကိုပိုမိုကောက်ခံရရှိအောင်ဆောင်ရွက်သွားမည်ဟုလည်း အဆိုတင်သွင်းသည်။
ထို့ကြောင့် ဒီဇယ်ဆီ HSD(500ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၆)၏ သဘောတူခွင့် ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူရန်တင်ပြရခြင်းဖြစ်သည်ဟုလည်း အဆိုတင်သွင်းခဲ့သည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ဇွန် ၉ ရက်တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
