နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၂ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မကွေး)အား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။
ဌာနမှထုတ်လုပ်ထားသည့် စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ နှမ်း၊ နေကြာမျိုးစေ့များနှင့် နည်းပညာမြင့် Organic မြေဩဇာနှင့် သဘာဝပိုးသတ်ဆေးရည်စမ်းသပ်ထုတ်လုပ်မှု၊ Nano Technology For Seed Treatment အခန်းအတွင်း အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးအတွက် Cold Plasma စက်များ၊ UV စက်၊ သီးနှံ အခြောက်ခံစက်များဖြင့် သုတေသနပြု စမ်းသပ်ထုတ်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မှသည့် စျေးကွက်ဝင်သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးအပြင် နိုင်ငံတကာသို့တင်ပို့နိုင်သည့် အရောင်အဆင်း၊ အနံ့အရသာနှင့် အရွယ်အ စားများပြည့်မီသည့် သီးနှံများဖြစ်စေရေးကိုပါ သုတေသနပြုစိုက်ပျိုးထုတ်လုပ်ရန် မှာကြားသည်။
” မြန်မာနိုင်ငံကထွက်ရှိတဲ့ နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးနဲ့ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲနဲ့ နှမ်းတွေကိုလည်း တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ မျိုးကောင်း မျိုးသန့်မျိုးစေ့တွေကို ပြည်တွင်းမှာသာလုံလောက်စွာ ထုတ်လုပ်ပေးနိုင်ဖို့ စမ်းသပ်သုတေသနပြုဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒေသသုတေသနဗဟိုဌာန(မကွေး)ရှိ သုတေသနစိုက်ကွက်များအတွင်း သီးနှံများသုတေသနပြုစိုက်ပျိုးထားမှုနှင့် သုတေသနခြံမှ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ထားသည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
