ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက မေလ (၂၂) ရက်၌ လာရောက် ကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။
နယ်စပ်ရေးရာ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေဆုံခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စိစဥ်ဆောင်ရွက်ထားရှိကြောင်း၊ ကျောင်းရှိ နည်းပြများ၏ သင်ကြားမှု နည်းစနစ်များအား လိုအပ်သည်များ မှာကြားကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။
လက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်အဆောက်အဦးအဖြစ် အသုံးချသွားမည်ဖြစ်သောကြောင့် ယခုအခါ မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊ လယ်ကိုင်းကျေးရွာထိပ်တွင်ပြောင်းရွှေ့ဖွင့်လှစ်မည်ဟု မြို့မိမြို့ဖတစ်ဦးထံမှ သိရှိရသည်။
