Digital စနစ်ဖြင့် မီတာခကောက်ခံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်
နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရေးအတွက် ဓာတ်အားခပေးချေမှုများနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မေ ၁၆ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲရာ၌ တစ်ဦးချင်းအမှန်တစ်ကယ်သုံးစွဲမှုကိုတိကျစွာသိရှိရန်လိုကာ သုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးချေမှုများ ရာနှုန်းပြည့်နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်းအရေးကြီးသည်ဟု ပြောသည်။
ထို့ကြောင့် ခေတ်နှင့်လျှော်ညီမှုမရှိတော့သည့် မီတာဖတ်စနစ်များ၊ မီတာခကောက်ခံသည့် စနစ်များကို Digital စနစ်သို့ကူးပြောင်းနေသည့် အရှိန်အဟုန်ကို မြှင့်တင်ရမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပေါ်နေသည့် နည်းပညာဆိုင်ရာအားနည်းချက်နှင့် လူတို့၏အားနည်းချက်များကွယ်ပျောက်၍ နိုင်ငံတော်နှင့်ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိလာမည်ဟုလည်း ပြောသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားစနစ်၏ နောက်ဆုံးကဏ္ဍဖြစ်သော ဖြန့်ဖြူးရေးကဏ္ဍသည် သုံးစွဲသူများနှင့် တို-က်ရို-က်ထိတွေ့ဆက်ဆံရခြင်းဖြစ်၍ လွန်စွာအရေးကြီးရာ သုံးစွဲသူများ နစ်နာမှုမရှိစေရေးဦးတည်ဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center နှင့် Advanced Metering Infrastructure (AMI) Control Center ၊ ၂၃၀ ကေဗွီ နေပြည်တော် ပင်မဓာတ်အားခွဲရုံ၊ ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ထားမှုနှင့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း ရေပိုလွှဲဒီဇိုင်းအတွက် Hydraulic Model Test ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။