မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေအိုးရစေတီတော်အတွင်းကိုးကွယ်ထားသည့် ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်တစ်ဆူ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ဒုတိယအကြိမ်မြောက်အဖြစ်ထပ်မံခိုးယူခြင်းခံခဲ့ရကြောင်း သိရသည်။
ရွှေအိုးရစေတီတော်ဂေါပကအဖွဲ့ဝင်များသည် စေတီတော်သို့ရောက်ရှိလာစဥ် ဘုရားဝင်းအ တွင်းကိုးကွယ်ထားသည့် ရှေးဟောင်းလျောင်း တော်မူ ကျောက်သားဆင်းတုတော်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများအားအကြောင်းကြားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်သည် ငွေကျပ်သိန်းပေါင်းထောင်ချီတန်ကြေးရှိပြီး ၂၀၀၇ ခုနှစ်က ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရပြီး မြဝတီမြို့၌ ဘုရားခိုးဂိုဏ်းတစ်ခုအားဖမ်းဆီးရမိချိန်တွင် ပြန်လည်ရရှိခဲ့၍ ရွှေအိုးရစေတီတော်ပရိဝုဏ်အတွင်းကို ပြန်လည်ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပင့်ဆောင်ပူဇော်ခံပြီး ယခု ဒုတိ ယအကြိမ် ထပ်မံခိုးယူခြင်းခံခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
