ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁-၃) အတွင်းရှိ ဒုဋ္ဌဝတီတံတားအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ စက်တင်ဘာ ၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် လက်ရှိတွင် ခရီးသွားပြည်သူများအနေဖြင့် တံတားဦး-ပလိပ်လမ်းမှတစ်ဆင့် မန္တလေးမြို့သို့ ပတ်သွားနေရသဖြင့် တံတားတည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့ပြင် တံတားတည်ရှိသည့်နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုများကြောင့် မြေအစိုင်အခဲမှ ရွှံ့စေးကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်း (Liquefaction) ဖြစ်စဉ်ဖြစ်နိုင်ခြေများသည့် မြေအမျိုးအစားဖြစ်သဖြင့် လိုအပ်သည့် တွက်ချက်မှုများနှင့် စစ်ဆေးမှုများကို အမြဲမပြတ် ဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငလျင်ကြောင့် ပျ-က်စီးသွားသဖြင့် အသစ်ပြန်လည် တည်ဆောက်လျက်ရှိသည့် စည်ပင်သာယာရေးကော်မတီပိုင် ဝန်ထမ်းအိမ်ရာဝင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
