နေပြည်တော်၊ ဇူလိုင် ၂၉
ဒီဇယ်ဆီ နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံတိုးမြှင့်ရန် ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့အား ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့အတွက် သုံးလထပ်မံ၍ တိုးမြှင့်ခွင့်ပြုနိုင်ရေး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ရှင်းလင်းတင်ပြခဲ့သည်။
ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအများဆုံး အသုံးပြုရသည့် ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ဧပြီ ၁ ရက်မှစတင်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို မေ ၁ ရက်မှ စတင်၍လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ကင်းလွတ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်က ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ဒီဇယ်ဆီအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့် ပမာဏမှာ ကျပ် ၈၄ ဘီလီယံခန့်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန် ကင်းလွတ်ခွင့်ပြုခဲ့သည့် ပမာဏမှာ ကျပ် ၅ ဘီလီယံခန့်ဖြစ်သဖြင့် စုစုပေါင်းခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၈၉ ဘီလီယံခန့် ရှိခဲ့သည်။
ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် စိုက်ပျိုးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတို့အတွက် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည်အတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုနှင့် လျော့ကျမှုရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။
ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝများ အဆင်ပြေချောမွေ့ရေးနှင့် ကုန်စည်ဈေးနှုန်း ဆက်လက်ထိန်းညှိပေးနိုင်ရန်အတွက် ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့် ထပ်မံတိုးမြှင့်ပေးရန် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအခွန်ကင်းလွတ်ခွင့် တိုးမြှင့်ရေးနှင့် ပတ်သက်၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက,က စက်ခလုတ်အသုံးပြု၍ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂ မဲတို့ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
