လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ်တွင် ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် လွန်စွာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ရေနံစိမ်းများ တိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ တိုးမြှင့်ချက်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအတွက် ချက်ချင်းလက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့သည်။
မြန်မာ့ရေနံမြေများ၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိနေသည့် သက်တမ်းရင့် ရေနံမြေများဖြစ်ပြီး ယနေ့စာချုပ် ချုပ်ဆိုသည် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်းနှစ် ၅၀ ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ရမည်ဖြစ်ကြောင်း သိရသည်။
ထိုကြောင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံလိုအပ်ချက်များကိုစိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
ထို့ပြင် ပြည်တွင်းရေနံစိမ်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်လာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စေရန် ရည်ရွယ်ချက်များဖြင့် ရေနံလက်ယက်တွင်းများ တူးဖော်နေခြင်းကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း ၃၆ ခုအား နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ် လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ရေနံစိမ်းများ တိုးတက်ထွက်ရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေးတာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။
