ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။
ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။
မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံအခြေစိုက်ပြည်ပလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အနီးကပ်စောင့်ကြည့်ကူညီပေးသွားမည်ဟု အသိပေးခဲ့သည်။
ယခုဖြစ်စဉ်သည် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပေါ် အလုပ်ရှင်များ၏ အနိုင် ကျင့်စော်ကားမှုအပေါ် သံရုံးကထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်၍ အလုပ်ရှင်(သို့)အခြားသူများ၏ နှိပ်စက်ညှဉ်းပန်းမှုခံရပါက ကြောက်ရွံ့ခြင်းမရှိဘဲ သက်ဆိုင်ရာ အလုပ်သမားသံအရာရှိရုံးများနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့များထံ အမြန်ဆုံးဆက်သွယ်အ ကူအညီတောင်းခံနိုင်သည်။
ထို့ပြင် မြန်မာသံအမတ်ကြီးကိုယ်တိုင် ယခုကဲ့သို့ လူကိုယ်တိုင်တွေ့ဆုံခြင်းသည် ကျူးလွန်သူများအပေါ် ဖိ အားဖြစ်စေသည့်အပြင် နစ်နာသူအတွက်ကြီးမားသော စိတ်ဓာတ်ခွန်အားနှင့် ဥပဒေကြောင်းအရ အားသာချက်ကိုရရှိစေသည်။ ထို့ကြောင့် ပြည်ပသို့သွားရောက်လုပ် ကိုင်မည့်သူများအနေဖြင့် မိမိတို့၏ အလုပ်ရှင်နှင့် ကုမ္ပ ဏီနောက်ခံများကိုသေချာစွာစုံစမ်းရန်နှင့် အခက်အခဲရှိပါက အချိန်မီသတင်းပို့တိုင်ကြားနိုင်သည့်လမ်း ကြောင်းများကိုကြိုတင်လေ့လာထားရန် လိုအပ်ပေသည်။